“ထို့ကြောင့်”

Credit – ZanHtetKo

ကလေးတစ်ယောက်
တစ်နေ့လူကြီးဖြစ်လာမဲ့သူ တစ်ယောက်
တော်ရုံ ကိစ္စကတော့ ဘယ်သူ့မှ
မပြောတော့ မတိုင်ပင်တော့ဘူး
မိသားစုကို အသိမပေးတော့ပဲ နေတတ်လာတယ်

ဒီအကျင့်က ဘယ်က ဖြစ်လာလဲ ?
ကိုယ့်အထက်က မိဘ အကြီးတွေနဲ့
အများကြီးဆိုင်တယ်

ကိုယ်က နှာချေတယ်
“ဆေးသောက် နွေးနွေးထွေးထွေးနေ”လို့
ဘယ်သူမှ မပြောပဲ

“နှာချေမှာပေါ့ … ဒီလောက် အေးနေတာကို
ဘာမှ မဝတ်တာ” လို့ ဟောက်တယ်

ကိုယ်က ရုတ်တရက်ဖျားတယ်
“ဘယ်လိုဖြစ်တာလဲ … ဒီရာသီက တုပ်ကွေးရာသီ ဂရုစိုက်မှ ပေါ့” လို့ ပြောမဲ့ အစား

“ဖျားမှာပေါ့ ဒီလောက် ရေအကြာကြီးချိုးတာကိုး…
နည်းတောင် နည်းသေးတယ် “လို့ ဆူတယ်

ဖျား ရင် “ဖျားမှာပေါ့ *** တာကိုး”
နာ ရင် “နာမှာပေါ့ ***တာကိုး”

တစ်ခုခုဖြစ်ရင် ” ဖြစ်မှာပေါ့ …. နင်က ဘယ်လိုနေ ဘယ်လိုထိုင်တာကိုး …
ဖြစ်မှာပေါ့ … ဘာကြောင့် ဘယ်လိုဖြစ်တာ
နည်းတောင် နည်းသေးတယ် ” ဆိုတာက ပါသေးတယ်

တစ်ခုခုဆို ဖေးမရမဲ့ ဂရုစိုက်ရမဲ့ မေးခွန်းတွေ အစား

အချို့မိဘတွေ မှာ ဖြစ်စဉ်တစ်ခုကို အရင်ဆုံး အပြစ်စတင်ပြီး ဆုံးမတတ်တဲ့
ဝသီ က #အကျင့်တစ်ခုလို ဖြစ်မှန်းမသိ ဖြစ်နေခဲ့တော့

ကလေးက တစ်ခုခု မဖြစ်လိုက်နဲ့
အားကြီးတွေ နဲ့ အပြစ်တင်စကားက အရင် စ
intro ဝင်ပြီး ဆုံးမတာ ထုံးစံဖြစ်လာတယ်

“တစ်ခါတစ်လေ မဆီမဆိုင် ဖြစ်မှာပေါ့ ဖုန်းချည်းသုံးနေတာကိုး “

“ဖုန်းပျက်တော့လည်း … ပျက်မှာပေါ့ ဖုန်းပဲ အမြဲကလိနေတာကိုး “

(ဖုန်းက တစ်ခါဝယ်ပြီးရင် တစ်သက်လုံးကိုင်လို့ရတဲ့ အရာမဟုတ်ဘူးလေ… ရိုရိုသေသေကိုင်ရင်တောင် ၂နှစ် ၃ နှစ်လောက်ဆိုရင် ဖုန်းအများစုက ဒစ်လည်နေကြပြီ …
ဒါကို သိလည်း … အပြစ်စကား ပဲ ဆိုတာပဲ )

ဂရုတစိုက် ဆုံးမတာကို ဘယ်သူမဆိုလက်ခံပါတယ်
အမြဲတမ်း ပြစ်တင်ကြိမ်းမောင်းတာတော့
ဘယ်သူက လိုချင်မှာလဲ ???

ကလေးတစ်ယောက် က
ပုံမှန်အားဖြင့် သူ့အခက်အခဲတွေ
ပြဿနာတွေကို အိမ်ကို ပြောပြတတ်တာချည်းပဲ

ဒါပေမဲ့ … ဒီအကျင့်ကို အိမ်ကလူတွေပဲ
ဖျက်ဆီးပစ်ခဲ့တာ …

ကိုယ့်မှာ ဘာပြဿနာရှိရှိ
ဘာအခက်အခဲရှိရှိ အိမ်က
အပြစ်စကား တွေ နဲ့ စတင်ကြိမ်းမောင်း မယ်ဆိုတာပဲ ကြိုသိနေတော့

အိမ်ကို ပြောပြတတ်တဲ့ အကျင့်
အဲကလေးမှာ ပျောက်သွားတယ်

တော်ရုံ မပြောတော့ဘူး

ဂရုစိုက်ခံရဖို့ အရေးထက်
အပြစ်မတင်ခံရဖို့ အရေး
အဆဲအဆို မခံရဖို့ အရေးပဲ ဦးတည်တော့တယ်

ဒီတော့ ဘာဆက်ဖြစ်လာလဲ
အဲကလေးက အိမ်ကို လိမ်တတ်လာတယ်

ကျောင်းမှာ ရန်ဖြစ်လာတယ်
မျက်နှာမှာ ဒဏ်ရာနဲ့ ဒဏ်ချက်
အိမ်က ဘာဖြစ်လာလဲ မေးတယ်

သစ်ကိုင်းနဲ့ ခြစ်မိတယ် ပဲ ဖြေတယ်

(ရန်ဖြစ်လာတယ် ပြောရင်
ငါ့အဖေ အမေ က
ကိုယ့်ကလေး မှန်လား မှားလား
အရင်မေးမှာ မဟုတ်ဘူး

ဒဏ်ရာဆေးထည့်ပေးမှာလည်း မဟုတ်ဘူး
တစ်နေကုန် နားနဲ့မဆန့်အောင် အပြစ်စကားတွေပဲ လှိမ့်ကော တော့မှာ သိနေတယ် )

ထိုကြောင့် အကြိမ်ကြိမ် လိမ်ခဲ့ဖူးပါသည်
ထို့ကြောင့် ဘာလုပ်လုပ် မိသားစုကို မတိုင်ပင်ဖြစ်ခဲ့ပါ

✨Y.M.K✨